| |
ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန (Department of International Devlopment-DFID) ၏ အစီအစဉ်ဖြင့် ကူညီထောက်ပံ့မှု ပြုလုပ်နေသော ပခုက္ကူမြို့၊ မြိုင်မြို့နယ် အတွင်းရှိ ရွာအချို့သို့ ဇန်န၀ါရီလ ၃၁ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက် လေ့လာမှု ပြုလုပ်ခဲ့သည်။
ယင်းလေ့လာမှု ခရီးစဉ်တွင် ဒေါ်ဆောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ညောင်ဦးမြို့သို့သွားရောက်ခဲ့ပြီး ညောင်ဦးမြို့မှတစ်ဆင့် ပခုက္ကူမြို့၊ မြိုင်မြို့နယ်ရှိ ပေပင်တိုက်ရွာသို့ ပထမဆုံး သွားရောက်ခဲ့ကြောင်း၊ ပေပင်တိုက်ရွာသားများအား နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း၊ ထို့နောက် ပေပင်တိုက်ရွာတွင်းရှိ ဗြိတိန်အစိုးရ၏ အကူအညီဖြင့် ပျိုးဥယျာဉ်များ ပျိုးထောင်ထားမှု၊ ရေဘုံဘိုင်ခေါင်းများ တပ်ဆင်ပေးထားမှုများအား လိုက်လံလေ့လာခဲ့သည်။
“ဒီခရီးစဉ်က ကျွန်မရဲ့နိုင်ငံရေး ခရီးစဉ်မဟုတ်ပါဘူး။ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို လာလေ့လာ တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို အဖြေရှာ ကြရမှာပါ။ အဖြေရှာပြီးရင် ကျွန်မတို့ တစ်နေ့ ထက်တစ်နေ့၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက် တစ်နှစ် တိုးတက်အောင် လုပ်ကြရမှာပါ။ အခုထက် အနာဂတ်မှာ တိုးတက်ဖွံ့ဖြိုးနိုင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ကိုယ့်မှာရှိတဲ့ အကြံဥာဏ်တွေကို ရဲရဲဝံ့ဝံ့ တင်ပြပေးစေလိုပါတယ်။ ဒါမှ လိုချင် တဲ့ ပန်းတိုင်ရောက်မှာပါ။ ကျွန်မတို့ပြည်သူတွေ နေ့စဉ်လှုပ်ရှား ရန်းကုန်းနေရတယ်ဆိုတာ နားလည် ပါတယ်။ ဆင်းရဲတွင်းထဲ လွတ်ဖို့ဆိုတာ ကိုယ်တိုင်လုပ်ချင်တဲ့စိတ် ရှိရပါမယ်။ ကိုယ်တိုင် လုပ်ချင်တဲ့ စိတ်ရှိ မှ အခြားက ကူညီထောက်ပံ့ပေးချင် တဲ့ စိတ်တွေလည်း ရှိလာမယ်။ ဒါကြောင့် ပြောစရာရှိရင် ပြောကြပါ။ တတ်နိုင်သလောက် အခြေအနေကြည့်ပြီး ကြိုးစားပါ့မယ်။ ပြည်သူလူထု နဲ့ ရောက်တဲ့ နေရာမှာ ထိတွေ့ပြီး အလုပ်လုပ်ချင်ပါတယ်” ဟု ဒေါ်ဆောင်ဆန်းစုကြည်က ပေပင်တိုက်ရွာသားများ အား နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်ဆောင်ဆန်းစုကြည်သည် ကျစ်တီးရွာသို့ သွားရောက်ခဲ့ပြီး ဗြိတိန်အစိုးရ၏ ကူညီ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသည့် အခြေခံစက်ချုပ်သင်တန်းသို့ သွားရောက်လေ့လာခဲ့ပြီး ကျစ်တီးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ရွာသူရွာသားများအား နှုတ်ဆက်တွေ့ဆုံစကား ပြောကြားခဲ့ မှုများ ပြုလုပ်ခဲ့သည်။ ယခုသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား လမ်းခရီး တစ်လျှောက်တွင် ဒေသခံအများအပြားမှ ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။
ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန၏ မြန်မာနိုင်ငံအား ကူညီထောက်ပံ့မှုသည် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအား အလေးပေးခြင်းဖြစ်ပြီး အသက်မွေးမှု နှင့်အစား အသောက်လုံခြုံရေး ယုံမှတ် အပ်နှံမှုရန်ပုံငွေအဖွဲ့ (Livehoods and Food Security Trust Fund-LIFT) မှ တစ်ဆင့် ပေးအပ်ကူညီလျက်ရှိသည်ဟု သိရ သည်။ ယင်းကဲ့သို့ကူညီရာတွင် ကျေးရွာများရှိ အိမ်ထောင်စုများ အတွက် ရေဘုံဘိုင်ခေါင်းများ၊ အိမ်တွင်း စိုက်ပျိုးရေး အတွက်မျိုး စေ့များနှင့် လယ်ယာသုံး စက် ကိရိယာများကို ကူညီပေးခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံ အနေဖြင့် လာမည့် လေးနှစ်ကာလ အတွင်း မြန်မာနိုင်ငံသို့ ပေါင် စတာလင် ၁၈၅ သန်း(အမေရိကန် ဒေါ်လာ ၂၈၆ သန်း)ခန့်ကို ပေးအပ်ကူညီ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရ သည်။
ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးမြို့မှ ဒေသခံများကြိုဆို နှုတ်ဆက်ခဲ့မှုများအား တွေ့ရစဉ်by...Eleven Media Group
0 comments:
Post a Comment