ရွှေဝါရောင် တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အခုလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာကြတဲ့ သံဃာငါးပါးကို ပိတ်ထားတဲ့ ကျောင်းတွေမှာ ဝင်ရောက် သီတင်းသုံးတဲ့ အပေါ် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က တရားစွဲဆိုတဲ့ကိစ္စကိုနိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ကြားဝင်ဖြေရှင်း ပေးလိုက်တဲ့အတွက် တရားစွဲဆိုမှုကို ပြန်လည် ရုပ်သိမ်းသွားပါတယ်။
သံဃာငါးပါးကတော့ မဂ္ဂင်ကျောင်းမှာသီတင်းသုံးတဲ့ သံဃာတပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရနဲ့ ဂျောင်းဂျောင်းလို့ လူသိများတဲ့ ဦးဣဿရိယ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော် ဦးပဏ္ဍဝံသ၊ ခြောက်ထပ်ကြီး သာသနာ့ဂုဏ်ရည်ကျောင်းက ဦးဝိသုဒ္ဓ၊ သံလျင်ဗောဓိကျောင်း ဆရာတော် ဦးပညာသီဟ တို့ ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးအပြီး ချိတ်ပိတ်တဲ့ဘုန်းကြီးကျောင်းတွေကို ထောင်ကနေလွတ်မြောက်လာတဲ့ သံဃာတွေက ကိုယ့်ကျောင်းကိုပြန် သီတင်းသုံးတာကို တရားစွဲဖို့လုပ်တာပါ။ ဒါကြောင့် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်တွေက အဲဒီ့ သံဃာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကရုံးကို ဒီကနေ့ ခေါ်ယူမေးမြန်း ဩဝါဒပေးတဲ့အတွက် ပြေလည်ခဲ့ပါတယ်။
ဒီကနေ့ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်တွေထံ ကြွခဲ့တဲ့ဦးပဏ္ဍဝံသက အစိုးရက တရားစွဲတာ ပြန် သိမ်းတဲ့အပြင် ကျောင်းဖွင့်ပွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးစီးကျင်းပပေးမယ် ဆိုတာကိုပါ သဘော တူညီချက်ရခဲ့တယ်လို့ ခုလို မိန့်ကြားပါတယ်။
“နိုင်ငံတော်ဗဟို သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင်က ပြောပါတယ်။ မင်းတို့ ဒီလို လုပ်ရမှာ မဟုတ်ဘူး။ အခုပဲ လွတ်တယ်။ အခုပဲ ထောင်ထဲပြန်ထည့်တယ် ဆိုရင် တိုင်းပြည် သိက္ခာကျတယ်။ သံဃာတော်တွေကိစ္စ ငါတို့ သံဃာ့ မဟာနာယက က တာဝန်ယူ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ဦးဇင်းတို့ကို ခေါ်မေးတယ်။ ဆုံးမဩဝါဒပေးတယ်။ နောက်ပြီးတော့ လိုအပ်တာတွေကို ဆောင်ရွက်ပေးတယ်။ ဦးဇင်းတို့လည်း အဲဒါတွေကို သေချာနားထောင်ပြီးတော့ ကိုယ်မေးစရာရှိတာတွေကို မေးတယ်။ မေးပြီးတော့မှ နှစ်ဖက်သဘောတူ၊ မဟာသံဃမဟာနာယက က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင် ကျင့်သုံးပါမယ်ဆိုပြီး ဒီကျောင်းတွေကို ဦးဇင်းတို့လက်ထဲတွေကို တရားဝင်ပြန်ချပေးမယ်ဆိုတာကို သူတို့ဆီက ကတိရခဲ့တယ်။ အဲ့လို သဘောတူညီပြီး ပြန်လာတာပဲ။ ”
ခေါ်ယူခံရတဲ့ သံဃာငါးပါးအနက် အရှင်ဂမ္ဘီရ၊ အရှင်ဦးဣဿရိယနဲ့ ဦးဝိသုဒ္ဒတို့က ခရီးလွန်နေတဲ့အတွက် ဒီကနေ့ ဦးပဏ္ဍဝံသနဲ့ ဦးပညာစာရ ၂ ပါးပဲ သွားရောက် ဩဝါဒခံယူပါတယ်။ နိုင်ငံတော် သံဃာ့မဟာ နာယကရဲ့ခုလို ဆောင်ရွက်ချက်အပေါ် ဝမ်းမြောက်မိတယ်လို့ ဦးပဏ္ဍဝံသက မိန့်ကြားသွားပါတယ်။
“ဦးဇင်းတို့ လိုချင်တာက အဲဒါပဲလေ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပျောက်သွားတဲ့ သံဃာ့ မဟာနာယက အဖွဲ့အစည်းက သံဃာဘက်မှာ ရပ်တည်မှု မရှိဘဲနဲ့ နှစ်ပေါင်း ၂၀ လောက် ငုတ်နေ ပြီးတော့ အစိုးရဘက်မှာ ပဲ ဖြစ်နေ တာကိုး။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူတွေဘက်က ရော၊ သံဃာတော်တွေဘက်ကရော မားမားမတ်မတ် ရပ်တည်တဲ့ အနေအထားလေးပေါ့နော်။ အစလေး တွေ့တဲ့အခါကျတော့ နည်းနည်း ဝမ်းသာတာပေါ့။ ကျေလည်းကျေနပ်တာပေါ့နော်။ ဒီထက်မက အကုန်လုံး အစအဆုံး ဒီအခြေခံ သံဃာ့စည်းမျဉ်း စည်းကမ်းတွေအတိုင်း ဆရာတော်ကြီးတွေ ကနေပြီးတော့ ရှေ့ကနေ မားမားမတ်မတ်နဲ့ ဓမ္မစက်က ရှေ့သွား၊ အာဏာစက်က နောက်ကလိုက် ပုံစံကို မားမားမတ်မတ် ရပ်တည်ပေးမယ် ဆိုရင်တော့ ခြွင်းချက်မရှိ အလွန်ပဲ ရာခိုင်နှုန်းပြည့် ဝမ်းသာရမှာပဲ။”
မကြာခင်မှာပဲ ဒီကိစ္စကို နိုင်ငံတော်သံဃာ့မဟာနာယက က အများပြည်သူသိအောင် စာထုတ်မယ် လို့ ဆရာတော်က မိန့်သွားပါတယ်။
အေးနိုင် (ဒီဗွီဘီ)

0 comments:
Post a Comment